09 4500 41 507, 09 250 42 9079, pyramidict.mm@gmail.com

Sunday, August 10, 2014

အချစ်ရဲ့ တန်ဖိုးကို နားလည်သူ

အချစ်ရဲ့ တန်ဖိုးကို နားလည်သူ


      ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေလုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။

သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံးမြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်။

ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
"ဗျို့ ... ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။" လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
"ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။" လို့ ငြင်းလိုက်တယ်။

ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
"ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။"

ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ "ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။"
"အို ... အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။" လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။

ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။

အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို "လာ အချစ်။ ငါနဲ့ လိုက်ခဲ့။"ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ကယ်တင်ရှင်တွေ့
ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကိုချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။

ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
"ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ"
"အဲဒါ အချိန် ကွဲ့" လို့ အဘိုးအို ပြန်ဖြေတော့ "အချိန်"လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကိုအကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
"အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့"

0 comments:

Post a Comment